ဒေါ်အောင်ဆန်းစုကြည်အတွက် ဂျပန်လူမျိုးများပါဆန္ဒပြ

မတရားအမှုဆင်ပြီး အင်းစိန်ထောင်ထဲတွင်ဖမ်းဆီးထားသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ တိုကျိုမြို့ရှိ နအဖအခွန်ရုံးရှေ့တွင် ဆန္ဒပြပွဲပြုလုပ်ခဲ့ရာ မြန်မာလူမျိုးများသာမက ဂျပန်ဘုန်းတော်ကြီးများ၊ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့များ၊ ဂျပန်အန်ဂျီအိုများ၊ ဂျပန်နိုင်ငံအခြေစိုက် Human Rightနိုင်ငံတကာလွှတ်ငြိမ်းချမ်းသားရေးအဖွဲ့၊ People Forum of Burmaနှင့် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံကူညီအားပေးနေကြသည့်ဂျပန်လူမျိုးများပါ အတူတကွပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြသည်။

နံနက် ၁ဝ နာရီမှစတင်ခဲ့သောဆန္ဒပြပွဲတွင် လူအင်အား ၅ဝဝ ကျော်ရှိပြီး ဂျပန်ဘုန်းတော်ကြီးများမှ မြန်မာပြည်သူ/သားများ ဘေးအန္တရာယ်ကင်းဝေးစေဖို့နှင့် မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းများလွှတ်မြောက်ရန်အတွက် ဆုတောင်းမေတ္တာပို့ပေးခဲ့ကြသည်။ ထို့နောက် ဥပဒေမဲ့စွာ ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသည့် နအဖစစ်အုပ်စု၏လုပ်ရပ်ကို ရပ်တန်းကရပ်ဖို့ Don't Kill. No More Warဆိုသည့်စာတမ်းကိုကိုင်ဆောင်ပြီး နအဖအခွန်ရုံးသို့တောင်းဆိုသွားခဲ့ကြသည်။


ဂျပန်နိုင်ငံရှိ အင်အားအကြီးမားဆုံးဖြစ်သော အလုပ်သမားသမဂ္ဂအဖွဲ့(RENGO)မှ ဥက္ကဌဖြစ်သူ Mr. Kobayashiကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့်စီရင်ချက်ချမည်ဆိုသည့်ကိစ္စကို ကန့်ကွက်ကြောင်းနှင့်၊ ဂျပန်အစိုးရကိုလည်း နအဖစစ်အုပ်စုအပေါ် ပြင်းပြင်းထန်ထန်ဖိအားပေးပြီး ကူညီထောက်ပံ့နေမှုများကိုလုံးဝရပ်တန့်သွားဖို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
နိုင်ငံတကာစားသောက်ကုန်အလုပ်သမားသမဂ္ဂအဖွဲ့(IUF)မှဥက္ကဌဖြစ်သူ Mr. Misatoကလည်း မြန်မာ့ဒီမိုကရေစီအရေးကို အပြည့်အဝထောက်ခံအာပေးကြောင်းနှင့် နအဖစစ်အုပ်စု၏ အလုပ်သမားအခွင့်အရေးချိုးဖောက်နေမှုများနှင့် လူ့အခွင့်အရေးလေးစားလိုက်နာမှုမရှိသည့်လုပ်ရပ်များကို ILO သို့တင်ပြကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ယနေ့ဆန္ဒပြပွဲကိုဦးဆောင်သူတဦးဖြစ်သူ ကိုသန်းဆွေမှလည်း ''နအဖစစ်အုပ်စုရဲ့ အရှက်မရှိတဲ့လုပ်ရပ်ကို ဂျပန်လူမျိုးတွေတောင် နားလည်သဘောပေါက်နေကြပြီ။ ယခုလည်း ကျနော်တို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ပေးချင်လို့ အောက်တန်းကျတဲ့လုပ်ရပ်တွေနဲ့ မတရားအမှုဆင်ရင်ဖို့ကြိုးစားနေတယ်။ ဒါကို ဂျပန်အစိုးရအနေနဲ့ မသိကျိုးကျွံပြုပြီး ဆက်လက်ကူညီထောက်ပံ့နေဦးမယ်ဆိုရင်တော့ အဆိပ်ပင်ရေလောင်းသလိုဖြစ်နေမှာဖြစ်တယ်။ ဒါကြောင့် အရှက်မရှိတဲ့ နအဖကို ဂျပန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ဖို့တောင်းဆိုပါတယ်။ ဆက်လက်ပြီး ကျနော်တို့ခေါင်းဆောင် မလွှတ်မချင်း ဒီအခွန်ရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြသွားမယ်..။ ဒီနေ့ရောက်လာကြတဲ့သူတွေကလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ခေါင်းဆောင်လွှတ်မြောက်ဖို့အတွက် မလျော့သောဇွဲ၊ လုံ့လတွေမွေးပြီး ညီညီညွတ်ညွတ်နဲ့ ဆက်လက်ကြိုးစားသွားချင်ပါတယ်...''ဟု တိုက်တွန်းပြောဆိုသည်။
ဆန္ဒပြကြသူများက နအဖအခွန်ရုံးအဝင်အဝတံခါးရှေ့တွင် ''ယနေ့ အဓမ္မ မတရားစီရင်မှုရှိပါသဖြင့် အခွန်ရုံးပိတ်သည်''ဆိုသည့် စာတမ်းကိုချိတ်ဆွဲခဲ့ကြပြီး 'လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ခြင်းလွှတ်'၊ Free Free Daw Aung San Suu Kyiကြွေးကြော်သံများကို ဂျပန်-မြန်မာ-အင်္ဂလိပ်သုံးဘာသာဖြင့် ကြွေးကြော်ခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီအရေးထောက်ပံ့ကူညီအားပေးနေသည့် ဂျပန်လွှတ်တော်အမတ်များကလည်း ဒေါ်အောင်ဆန်းကြည်ကို ချက်ခြင်းလွှတ်ဖို့နှင့်၊ နအဖကျင်းပမည်ဆိုသည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာမှ အသိပြုလက်ခံစေဖိုရ အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးရန်တောင်းဆိုချက်ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း NCUB၏ဂျပန်ဌာနေကိုယ်စားလှယ်ဖြစ်သော ဒေါက်တာမင်းညို၏ပြောပြချက်အရသိရှိရသည်။
သတင်းနှင့် မှတ်တမ်းဓါတ်ပုံပေးပို့သူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)

ဓါတ်ပုံများကြည့်ရှုလိုပါက-
http://www.moethaukkye.co.cc/
တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

No comments:

Post a Comment