လက်ဗလာထက် ဦးနှောက်ဗလာက ပိုပြီးရှက်ဖို့ကောင်းတယ် [Forum ဂျာနယ်]

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On July - 16 - 2009

ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတော့ ပြန်ပြီး။
‘လက်ဗလာနှင့် ပြန်သွားရပြီး’လို့ မှတ်ချက်ပေးသူတွေ များပါတယ်။ သူ့ခရီးစဉ်ကို အားမလိုအားမရ အတော်ပဲဖြစ်ကြပါတယ်။ အားမလိုအားမရ ဖြစ်သူများကိုလည်း အဆိုးမဆိုသာဘူး။
ဘာကြောင့်ဆို မစ္စတာ ဘန်ကီမွန်း ထောက်ပြတဲ့ အချက် (၃)ချက်၊ ပြောရရင် မစ္စတာ ဘန်ကီမွန်း ဆောင်ရွက်ပေးချင်တဲ့ မစ်ရှင် (၃)ခု။
လက်တွေ့မှာ ဘာဆိုဘာမှ မရခဲ့ဘူး ဖြစ်ခဲ့ပေတာကိုး။
ကြည့်ဦးလေ -
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆောင်ရွက်ပေးနိုင်ဖို့ နေနေသာသာ တွေ့ခွင့်အကြိမ်ကြိမ်တောင်းတာတောင် ဗိုလ်သန်းရွှေရဲ့ ခေါင်းအခါကို ခံခဲ့ရတာပါ။
၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများနှင့် တွေ့ခွင့်ပေးတော့လည်း ကြည့်ဦး။
တပါတီစီက တင်ပြခွင့် (၂) မိနစ်စီတဲ့။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝမသင့်လျော်ကြောင်း၊ သီးခြားတွေ့ဖို့လိုကြောင်း ထောက်ပြမှ အိပ်ခန်းမှာ (၁၀)မိနစ် ထပ်တွေ့ခွင့်ရခဲ့တယ်။
ဒီလို အနိုင်ရပါတီကြီးတွေကို (၂)မိနစ်စီပဲ စကားပြောခွင့်ပေးတာက ဒီမစ်ရှင် (၃)ရပ်ကို ကိုင်လာတဲ့ အတွင်းရေးမှူးချုပ်ရဲ့ အစီအမံလို့ ကျနော်လုံးဝမယူဆဘူး။ ဒါဟာ ဗိုလ်သန်းရွှေရဲ့ အစီအမံသက်သက်မျှသာ ဖြစ်တယ်။
ဒါပေမယ့် ဒါကို သူ ငြင်းခွင့်မရှိခဲ့ဘူး။ မငြင်းနိုင်ခဲ့ဘူး။
အပစ်ရပ်အင်အားစုတွေနှင့် တွေ့မယ်ဆိုပြန်တော့လည်း လက်ညှိုးထောင်၊ ခေါင်းညိမ့်အဖွဲ့တွေ၊ အားမတန်လို့ မာန်ချထားရတဲ့ သူတွေ၊ ယုံလို့ဖြစ်စေ၊ ပယောဂ တစုံတရာကြောင့်ဖြစ်စေ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပဒေသာပင်ပေါက်သလို ပြောဆိုဝံ့သူတွေနှင့်ပဲ ရွေးပြီး တွေ့ခွင့်ပြုခဲ့သည်။
ဒါဟာ …
ဗိုလ်သန်းရွှေရဲ့ ဇယားတွေပါ။ ဗိုလ်သန်းရွှေ ရွှေ့ချင်သလို ရွှေ့ထားတဲ့ အကွက်တွေဖြစ်ပါတယ်။
ဒါကို ကမ္ဘာပတ်နေတဲ့ နားကြီး မျက်စိကြီး အတွင်းရေးမှူးချုပ်ကြီးက မသိ ဘယ်မှာရှိပါ့မလဲ။
မုချ သိပါတယ်။ သေသေချာချာကို သိပါတယ်။
သိလို့လည်း သံအမှတ်တွေ၊ မီဒီယာသမားတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ သူ ‘လူအ မဟုတ်ကြောင်း’ တရားဝင် အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်သန်းရွှေတို့ကတော့ ဒီခရီးစဉ်မှာ အပိုင်ချည်လိုက်နိုင်ပြီလို့ ထင်ကောင်းထင်ပါလိမ့်မယ်။
ဒါပေမယ့် နိုင်ငံတကာအလယ်မှာ၊ လူတယောက်အလယ်မှာ ခေါင်းမာပြီး ဦးနှောက်မဲ့သူဖြစ်ကြောင်း၊ ဆင်ခြင်တုံတရား ခေါင်းပါးသူဖြစ်ကြောင်း သူကိုယ်တိုင် လူသိရှင်ကြား ၀န်ခံလိုက်သလို ဖြစ်သွားတာကိုတော့ မူလတန်းကလေးတောင် ရိပ်မိနိုင်လောက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းက လက်ဗလာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဗိုလ်သန်းရွှေ ဦးနှောက်ဗလာဖြစ်တယ်ဆိုတာကိုတော့ ဒီခရီးစဉ်က ပိုပြီးပိုပြီး
ရှင်းသွားစေတယ်လို့ မှတ်ချက်ချချင်ပါတယ်။ ။ … [ Forum ဂျာနယ် file ]

No comments:

Post a Comment