စွပ်စွဲချက်များ အခြေအမြစ်မရှိဟု FTUB ဦးမောင်မောင် ဖြေရှင်း




ဦးမောင်မောင် ရှင်းလင်းပြောကြား နေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

04 April 2011,


မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ၏ အထွေထွေ အတွင်းရေးမှုးချုပ် ဦးမောင်မောင်က မြန်မာပြည် တွင်းသို့ သွားသည်ဆိုသော ၎င်းအပေါ် စွပ်စွဲထားမှု များသည် အခြေအမြစ် မရှိသည့် နိုင်ငံရေးအရ ထိုးနှက် တိုက်ခိုက်မှု များသာ ဖြစ်သောကြောင့် ဖြေရှင်းရန် အသင့် ရှိသည်ဟု ပြောကြား လိုက်သည်။


ဦးမောင်မောင်သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ၃ ကြိမ် သွားရောက် ခဲ့သည်ဟု ဦးမောင်မောင်၏ မိခင် အဖွဲ့အစည်းမှ ဘဏ္ဍာရေးမှူးဟောင်း ဦးဇော်ထွန်းက မတ်လ ၃ ရက်နေ့တွင် အင်တာနက် စာမျက်နှာများ မှတဆင့် ဖွင့်ချ ခဲ့သည်။


ထိုသို့ ဖွင့်ချမှုနှင့်ပတ်သက်၍ ထိုင်းမြန်မာနယ်စပ်တွင် ယမန်နေ့ကပြုလုပ်ခဲ့သည့် FTUB အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ တွင် ဦးမောင်မောင်က ရှင်းလင်းပြောကြားခြင်းဖြစ်သည်။


၎င်းက“ကျနော် မြန်မာပြည် လုံးဝ မသွားဘူး ဆိုတာကို ရှင်းလင်းတာဖြစ်တယ်၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အိမ်ရှင်နိုင်ငံ ရဲ့လ၀က ကို သွားမေး တဲ့အခါမှာ ဘယ်သူမဆို ဒီနိုင်ငံကနေ နိုင်ငံတကာ ခရီးစဉ် သွားမယ်ဆိုရင် ဓာတ်ပုံ မှတ်တမ်းရှိပါ တယ်၊ ကျနော့်မှာ ထိုင်းနိုင်ငံကနေ အ၀င် အထွက်မှတ်တမ်း တွေရှိပါတယ်၊ စွပ်စွဲ ထားတဲ့ခရီးစဉ် ၃ ခု ရဲ့ရက်စွဲတွေမှာ မြန် မာပြည် သွားထားတဲ့ မှတ်တမ်းတွေ လုံးဝမရှိပါဘူး”ဟု သက်သေခံ စာရွက်စာတမ်း မှတ်တမ်း ဓာတ်ပုံများနှင့် တကွ ရှင်း လင်းပြောဆိုသည်။


စွပ်စွဲချက်ပါ နေ့ရက်များတွင် မြန်မာနိုင်ငံသို့ ခရီး သွားလာခွင့် မရှိကြောင်း ဖော်ပြထားသည့် ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာန(လ၀က)မှ ထုတ်ပေးသည့် သက်သေခံ စာရွက်စာတမ်းများ နှင့်အတူ ထိုင်း လေကြောင်းလိုင်း Thai Airways Royal Orchid Plus က ထုတ်ပေးသည့် အချက်အလက် မှတ်တမ်း များကိုလည်း ဦးမောင်မောင် က သက်သေ အဖြစ် တင်ပြ သည်။


FTUB မှပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲပါ အချက်အလက်နှင့် အကြောင်း အရာများကို အသေးစိပ် သိရှိလိုပါက ဖုန်းနံပါတ် ၀၈၀ - ၆၈၈ ၃၅ ၁၉ သို့ ဆက်သွယ် မေးမြန်း နိုင်သည်ဟုလည်း ဆိုသည်။


မြန်မာ အတိုက်အခံ တပ်ပေါင်းစု ခေါင်းဆောင် တဦးက“ဒီပြဿနာက အတော့်ကို ကြီးမားတဲ့ ကိစ္စ ဖြစ်တယ်၊ စွပ်စွဲချက် တွေမှန်ခဲ့ရင် ကြီးမားတဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင် ရမှာဖြစ်သလို၊ မဟုတ် ခဲ့ရင်လည်း စွပ်စွဲတဲ့လူကို သူ နေထိုင်ရာ တိုင်းပြည် ရဲ့ ဥပဒေ ကြောင်းအရ အရေးယူမှုတွေ လုပ်ကို လုပ်ရမှာဖြစ်တယ်၊ ဒီကိစ္စက တပ်ပေါင်းစု တော်လှန်ရေးကြီး တခုလုံးကို ဖျက်လို ဖျက်ဆီး လုပ်တာ ဖြစ်တဲ့အတွက်၊ ဘယ် တပ်ပေါင်းစု အဖွဲ့ဝင်ကမှ သည်းခံ ခွင့်လွတ်မှာ မဟုတ်ဘူး”ဟုပြော သည်။




သတင်းစာ ရှင်းလင်းပွဲတွင် ဦးမောင်မောင် မြန်မာပြည် သွားမသွား ဧရာဝတီ က မေးမြန်းသည်ကို ၎င်းက မြန်မာပြည်သို့ လုံးဝ မသွားကြောင်း၊ ဖြေရှင်းရန် အသင့် ရှိကြောင်း ပြန်လည် ဖြေကြားသည်။


မြန်မာ အတိုက်အခံ တပ်ပေါင်းစု ခေါင်းဆောင် တဦးဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB) ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် မြန်မာနိုင်ငံတွင်းသို့ ၃ ကြိမ် သွားရောက် ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ် သက်၍ NCUB အဖွဲ့သည် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အတွက် ၄ ဦးပါ ကော်မရှင်အဖွဲ့ကို မတ်လ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့သည်။


ယင်း ၄ ဦးပါ အဖွဲ့က လိုအပ်သည့် အဖွဲ့အစည်းများ၊ သက်ဆိုင်သူများအား မေးမြန်းစစ်ဆေးမှုများကို အမြန်ဆုံး ပြုလုပ် သွားမည်ဖြစ်ကာ စုံစမ်း စစ်ဆေး တွေ့ရှိချက်များအား ဧပြီလကုန်လျှင် NCUB သဘာပတိ အဖွဲ့ထံသို့ တင်ပြ အစီရင်ခံ ရမည်ဖြစ်သည်။


ကော်မရှင်၏ စစ်ဆေး တွေ့ရှိမှုများအရ NCUB သဘာပတိအဖွဲ့က ဖြစ်စဉ်နှင့် ပတ်သက်၍ ကြားနာ သွားမည်ဖြစ်ပြီး လက်ရှိတွင် စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့သည် သက်ဆိုင်ရာလူပုဂ္ဂိုလ်တချို့ အပါအ၀င် ဦးမောင်မောင်နှင့် ဦးဇော်ထွန်း တို့ကိုလည်း စုံစမ်း မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။


FTUB ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်သည့် ပဒို စောအားတိုးက“အဲဒီ သတင်းစာ ရှင်းလင်းပွဲက FTUB အနေနဲ့ လုပ်တာ၊ ဒါက သူတို့ရဲ့လွတ်လပ်ခွင့်ပဲ၊ NCUB နဲ့ ဘာမှ မဆိုင်သလို ကော်မရှင်အဖွဲ့နဲ့လည်း ဘာမှမသက်ဆိုင်ဘူး၊ ကော်မရှင်ကတော့ သူ့အလုပ်ပဲ သူလုပ်သွားမှာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။


NCUB အဖွဲ့ကို ၁၉၉၂ ခုနှစ်က မာနယ်ပလော လွတ်မြောက်နယ်မြေတွင် မြန်မာ အတိုက်အခံ အင်အားစုများနှင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအဖွဲ့၏ ဥက္ကဌ မှာ ပဒို ဒေးဗစ် သာကဘော ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး မှာ ဦးမောင်မောင်ဖြစ်သည်။

Posted by PNSjapan at 10:27 PM

Labels: သတင်း

No comments:

Post a Comment