THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES OF UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Lesson Learnt from ABTUC-TUCB"ဖဆပလအတွင်း အတူရှိခဲ့ကြစဉ်က ကွန်မြူနစ်နှင့် ဆိုရှယ်လစ်တို့၏ အလံလုပွဲတခု"

"ဖဆပလအတွင်း အတူရှိခဲ့ကြစဉ်က ကွန်မြူနစ်နှင့် ဆိုရှယ်လစ်တို့၏ အလံလုပွဲတခု"
ကိုသန်း (ကြည့်မြင်တိုင်)

လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကျော် ၁၉၄၆ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်အထိ ဖဆပလ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တပ်ပေါင်းစုကြီးထဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဗမာပြည်ဆိုရှယ်လစ်ပါတီတို့ အတူရှိခဲ့ကြသည်။ နယ်ချဲ့ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် နယ်ချဲ့သွေးစုပ်ရေး စီမံကိန်းဖြစ်သော စက္ကူဖြူစီမံကိန်းကို ဦးတည် တိုက်နေကြသည့် အချိန်ကာလဖြစ်သည်။ ဖဆပလ အဖွဲ့ချုပ် အလံတော်အောက်ရှိ လူထုလူတန်းစား အင်အားစုအသီးသီးတို့သည် လူထုဆန္ဒပြပွဲများဖြင့် အင်အားပြ တိုက်ခိုက်လျက် ရှိကြသည်။ နယ်ချဲ့ဘုရင်ခံ ကွဲသည့်ပွဲ ဖြစ်သည်။

ဖဆပလ အဖွဲ့ချုပ်နှင့် ဆက်သွယ်ထားသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် ဗမာပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ - ABTUC (All Burma Trade Union Congress)၊ ဗမာပြည်ဆိုရှယ်လစ်ပါတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် အလုပ်သမားများ အစည်းအရုံးအဖွဲ့ချုပ် (ဗမာနိုင်ငံ) - TUCB (Trade Union Congress – Burma) တို့က ဖဆပလ အဖွဲ့ချုပ် အလံတော်အောက်ရှိ အလုပ်သမားအင်အားစုများအဖြစ် အင်အားပြရန် ဗိုလ်ချုပ်က ဆော်သြလျက် ရှိသည်။

တနေ့တွင် သခင်လှကျွေက ကျနော့်ကို ABTUC တွင် အစည်းအဝေး သွားတတ်ရန် ကြိုပြောထားသည်။ တတ်ရောက်မည့် အစည်းအဝေးက ဗမာပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဌာနချုပ်တွင် ကျင်းပမည့် 'ဖဆပလ အလုပ်သမား အင်အားစုများ အင်အားပြရေး အစည်းအဝေး' ဖြစ်သည်။ ထိုစဉ် ဗမာပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂတွင် ဥက္ကဋ္ဌ သခင်ဗဟိန်း၊ ကိုအောင်သိန်း (စာရေးဆရာ မြဒေါင်းညို)၊ ဒုတိယ ဥက္ကဋ္ဌ သခင်ဗတင် (လက်သီးပုန်း)၊ အထွေထွေ အတွင်းရေးမှူး ကျော်ငြိမ်း (မင်းဘူးကိုချမ်းသာ) တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များဖြစ်သည့် မစ္စတာရာဂျန် (ဆရာအောင်နိုင်)၊ သခင်လှမြိုင် (ဗိုလ်မှူးရန်အောင် - ရဲဘော်သုံးကျိပ်)၊ သခင်ချစ် (ဇင်ချစ်)၊ မစ္စတာမူကာဂျီ၊ ဒေါက်တာနက်(သ်)၊ သခင်စိုး၊ ဦးကိုကိုကြီး (နောင်ဗမာပြည် ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌ)တို့ ဖြစ်သည်။

ကျနော်တို့ အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ် (ဗမာနိုင်ငံ)တွင် သခင်လွင် ဥက္ကဋ္ဌ၊ သခင်လှကျွေ၊ သခင်လူအေး ဒုတိယ ဥက္ကဋ္ဌများ၊ ကိုတင်ညွန့် အထွေထွေ အတွင်းရေးမှူး၊ ကိုဟုတ်ကြည် (ငွေထိန်း)၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ရဲဘော်သောင်းစိန် (မော်လမြိုင်) [ချစ်တီယား သတ်မှုဖြင့် ကြိုးမိန့်မှ လွှတ်လာသူ]တို့သာ မှတ်မိသည်။ ကိုမျိုးမြင့်နှင့် ကိုသန်းငွေ (ဘီအေအိုဒီ) တို့က နောက်မှ အလုပ်အမှုဆောင် ဖြစ်လာကြသည်။

အစည်းအဝေး တတ်ရန် ဒုတိယဥက္ကဋ္ဌ သခင်လှကျွေက ကျနော့်ကို ခေါ်ခြင်းမှာ ကျနော်သည် ရန်ကုန်ခရိုင် ဆိုရှယ်လစ်ပါတီ အလုပ်အမှုဆောင် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ သခင်လှကျွေသည် ဝါရင့်နိုင်ငံရေးသမားကြီး ဖြစ်သည်။ ကျနော်ကတော့ ကျောင်းသားသမဂ္ဂ၊ အာရှလူငယ်၊ ပြည်သူ့အရေးတော်ပုံပါတီဝင်မှ ဆိုရှယ်လစ်ပါတီဝင် ဖြစ်လာသူ၊ နိုင်ငံရေး အတွေ့အကြုံ နည်းသောသူ ဖြစ်သည်။ ဆိုရှယ်လစ်ပါတီထဲတွင် အမည်ထွက်စ ပြုနေသည့် သဘောတရား သင်တန်းဆရာ ပေါက်စ၊ အသက် ၂ဝ ပင် မရှိသေး၊ ဂိုဏ်းဂဏစိတ် မကင်းသေး။




ABTUC ဘက်မှ သခင်ဗတင်နှင့် မစ္စတာမူကာဂျီတို့ ဖြစ်သည်။ ရန်ကုန်ခရိုင် ကွန်မြူနစ်တီပါတီမှ ရဲဘော်အောင်ဝင်းလား၊ မမှတ်မိတော့။ TUCB ဘက်မှ သခင်လှကျွေ၊ ရဲဘော်သောင်းကြည်တို့ ဖြစ်ကြသည်။ ရန်ကုန်ခရိုင် ဆိုရှယ်လစ်ပါတီမှ ကျနော်။

အစည်းအဝေး စတော့ အလုပ်သမားသမဂ္ဂကြီး နှစ်ခုတို့မှ အလုပ်သမားအင်အားကို အများဆုံး ထုတ်ပြဖို့လည်း သဘောတူကြသည်။ အလုပ်သမားထု အစည်းအဝေး အခမ်းအနားတွင် ဘယ်အလံထားမလဲ ဆွေးနွေးကြသည်။ အသီးသီးသော အစည်းအရုံးများနှင့် သမဂ္ဂများ မိမိတို့ဆိုင်ရာ အလံများကို လွှင့်ထူလာနိုင်ရန်လည်း သဘောတူသည်။ သို့သော် ဖဆပလ အဖွဲ့ချုပ် အလံတခုတည်းကို စင်မြင့်နောက်ခံ လုပ်မှာလား။ ဖဆပလ အလံကို အလုပ်သမား အစည်းအရုံးနှင့် အလုပ်သမားသမဂ္ဂ အလံများက ဝိုင်းရံမလား၊ ဆွေးနွေးရာတွင် သဘောတူညီချက် မရကြ။ ဆွေးနွေးရင်း အလံကို ထိပါးသည့် စကားများ တစွန်းတစ ထွက်လာသည်။ ABTUC အလံက တူနှင့်တံစဉ်အလံ ဖြစ်သည်။ လက်ဝဲထောင့်တွင် ကြယ်ဖြူက လမ်းညွှန်ကြယ်၊ တူနှင့်တံစဉ်က အလုပ်သမား၊ တောင်သူလယ်သမားကို ကိုယ်စားပြုသည်။ ဟုတ်လို့၊ ဘာမှ ပြောစရာမရှိ။ ကျနော်တို့ TUCB အလံကျတော့ရော၊ လက်ဝဲထောင့် လမ်းညွှန်ကြယ်ဖြူနှင့် ဗမာ့ကာကွယ်ရေးတပ်မတော် ဦးထုပ်တံဆိပ် ဒေါင်းကို ဖောက်ထည့်ထားပြီး တံစဉ် မပါဘဲ တူနှစ်ချောင်းသာ ပါသည်။ တောင်သူလယ်သမားအစည်းအရုံး အလံကျတော့ ဗမာ့ကာကွယ်ရေးတပ်မတော် ဒေါင်းတံဆိပ် အလယ်မှ ဖောက်ထားသည့် လမ်းညွှန်ကြယ်နှင့်တံစဉ် တချောင်းတည်း။ တူ မပါ။ ကျနော် အကြည့်ရကပ်သည်။ အလံများ သတ်မှတ်စဉ်က ကျနော် ပါတီ အရေးပါသည့် အနေအထားသို့ မရောက်သေး။ မြို့နယ်အဆင့်မှာသာ ရှိအုန်းမည်။ ထို့အပြင် တူတံစဉ် အမှတ်အသားသည် ကွန်မြူနစ် ကိုယ်စားပြုလေ့ရှိ၍ အလံ စတင်ရွေးချယ်စဉ်က ကွန်မြူနစ်နှင့် မတူအောင် တူတံစဉ်ကို မရွေးတာ ပါချင် ပါပါလိမ့်မည်။ ကျနော့်အတွေး ဖြစ်ပါသည်။ သို့သော် ကြယ်နှင့်တူ၊ ကြယ်နှင့်တံစဉ် သက်သက်က မျက်စိထဲမှာ ကြည့်မကောင်းတာကတော့ အမှန်ဖြစ်သည်။ ဒါက ကျနော့်အတွေးနှင့် ကျနော့်အမြင်။

အစည်းအဝေးမှာ ပြောကြဆိုကြတော့ တူတံစဉ်က အလုပ်သမားကို အမှတ်အသားပြုသည့် အလံဟု ABTUC မှ သခင်ဗတင် ပြောတာက မှန်နေသည်။ သို့သော် ကျနော်တို့အလံကို ထိပါးရိကပါး ပြောတော့လည်း မခံချင်၊ သည်တော့ ကျနော်ဆိုသည့် ထောင့်မကျိုးသည့် လူက "ခင်ဗျားတို့ အလံက တံစဉ်ကြီး ပါနေတော့ အလုပ်သမားအလံ စစ်စစ်မဟုတ်ဘူး။ အလုပ်သမား လယ်သမားအလံ ဖြစ်နေတယ်။ အခု ဖဆပလ အဖွဲ့ချုပ်က ပြုလုပ်မယ့် အင်အားပြပွဲဟာ အလုပ်သမားအင်အားပြပွဲ့၊ တောင်သူလယ်သမား မပါဘူး" ဟု ကပ်ပြောသည်။ ကျနော် ကပ်ပြောသည့် စကားသည်လည်း ဟုတ်နေတော့ သခင်ဗတင် ဒေါပွသွားသည်။

"ခင်ဗျားပြောတဲ့ မူသဘောအရဆိုလျှင် ခင်ဗျားတို့ ဖွဲ့မယ့် ဗေဒင်ဆရာများ အစည်းအရုံးမှာ ကြယ်တလုံးနဲ့ ကျောက်သင်ပုန်း တချပ်၊ မြူနီစီပါယ် အလုပ်သမား အစည်းအရုံးမှာ ကြယ်တလုံးနှင့် တံမြက်စည်း တချောင်းထည့်" စသည်ဖြင့် ပြောပါလေတော့သည်။ ကျနော်ကလည်း ကပ်ပြောမည့်သာ ပြောသည်။ ကိုယ်ဟာက အဟုတ် မဟုတ်သည်ကို သိသည်။ ကျနော်ကိုယ်တိုင် သခင်ဗတင် အပြောကို သဘောကျပြီး တဟားဟား ရယ်သည်။ သည်တော့ သခင်ဗတင် စိတ်ပြေသွားဟန် တူသည်။ သခင်လှကျွေကတော့ ကျနော့် သက်သက်ရွဲ့ပြောနေတာကို သိပြီး "တော်ပါတော့ဗျာ" ဟု ပြောသည်။ မစ္စတာမူကာဂျီကတော့ နားထောင်နေသည်။ ဘာမှ ဝင်မပြော။

ကျနော်လည်း ကွန်မြူနစ်ပါတီက ရဲဘော်များနှင့် ယခု တကြိမ်သာ အငြင်းခုံ ဖြစ်ဖူးသည်။ အများအားဖြင့် ကျနော်နှင့် ကွန်မြူနစ်ပါတီက ရဲဘော်များနှင့် သင့်မြတ်သည်က များသည်။ ရန်ကုန်ခရိုင် ကွန်မြူနစ်ပါတီမှ ရဲဘော်သာညွန့်၊ ရဲဘော်တင်စောတို့နှင့် သိကျွမ်းသည်။ နောင်တွင် ပထမ အရှေ့မြောက်စစ်ဒေသမှူး ဖြစ်လာသူ ကိုစိုးသိမ်းနှင့်လည်း စစ်ပြီးခါစတုန်းက ကြည့်မြင်တိုင်တွင် သိခဲ့ဖူးသည်။

သခင်ဗတင် ဆိုလျှင် ကျနော့်ထက် ဝါရင့်သမ္ဘာရင့် ပုဂ္ဂိုလ် ဖြစ်သည်။ သခင်ဘဝတွင်ရော ဗမာ့ လွတ်လပ်ရေး တပ်မတော် - ဘီအိုင်အေ ဘဝတွင်ပါ အဆင့်မြင့်တာဝန်များ ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။ ကျနော်ကလည်း အရှင်မွေး နေ့ချင်းကြီးသူ ဖြစ်သည်။ သခင်ဗတင် မျက်စိထဲတွင် ကျနော့်ကို မလောက်လေး မလောက်စားဟု ထင်မြင်မည်။ နောက်တော့မှ သူတို့ကို မခန့်လေးစား ပြောသည့် ဆိုရှယ်လစ်ပေါက်စ ကျနော့်အကြောင်း မေးယူရလိမ့်မည်။ လက်ဝှေ့ စကားဖြင့် ပြောရလျှင် ကျနော်က ဘင်တန်ဝိတ်တန်းမှ ဟဲဗီးဝိတ်တန်းသို့ တတ်ထိုးသူဟု မြင်ကောင်း မြင်ပါလိမ့်မည်။ ဖွံ့ဖြိုးမှု မညီညာသော အခြေအနေတွင် ဒါမျိုးတွေ ဖြစ်နိုင်သည်။

သခင်ဗတင်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့နှင့် ဆက်နွယ်မှုကိုတော့ ကျနော် သိပ်ထဲထဲဝင်ဝင် မသိ။ ရင်းရင်းနှီးနှီးလည်း မဆက်ဆံဘူး။ ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော့ ပါသွား မသွားပင် ကျနော်မသိ။ သခင်ဗတင်နှင် ဗိုလ်မှူးကြီးလက်ျာတို့ အလွန်ရင်းနှီးကြောင်းတော့ ကျနော် သိသည်။ ဗိုလ်လက်ျာပိုင် မုတ္တမ ကုမ္ပဏီတွင်လည်း သခင်ဗတင် အဆင့်မြင့်တာဝန် ထမ်းဆောင်ခဲ့သည်ကို ဦးသိန်းဖေမြင့်က ကျနော့်ကို ပြောပြခဲ့ဖူးသည်။ ဦးသိန်ဖေမြင့်သည် "ခေတ်မီသူတိုင်း ပင်လယ်ငါး စားသည်" ဆိုသော ကျော်ကြားသည့် မုတ္တမ ပင်လယ်ငါးဖမ်း ကုမ္ပဏီ၏ ကြော်ငြာဆောင်ပုဒ်ကို ရေးသားခဲ့သူ ဖြစ်သည်။

ကျနော် အထက်တွင် ဖော်ပြခဲ့သည့် အလံလု၊ အလံပြိုင်ပွဲ ဖြစ်ခဲ့သော ဖဆပလ အလံတော်အောက် အလုပ်သမားအားပြပွဲအပြီးတွင် ဘာရလဒ်မှ မရရှိခဲ့။ နောက်ထပ် အစည်းအဝေး ခေါ်ဖြစ်သလား ကျနော် မမှတ်မိတော့။

တခု သေချာတာကတော့ ဖဆပလ အလံတော်အောက် အလုပ်သမား အားပြပွဲကို ABTUC နှင့် TUCB တို့ ပူးတွဲ မလုပ်ဖြစ်တော့ဘဲ သီးခြားစီခွဲ၍ လုပ်ခဲ့ကြသည်။

ကျနော် ဤဆောင်းပါကို ရေးသည်မှာ အဓိပ္ပာယ်မရှိ ညောင်မြစ်တူး ပုတ်သင်ဥ ဖော်ခြင်းမဟုတ်။ သမိုင်းသင်ခန်းစာ ယူစေလို၍ ဖြစ်သည်။ ကျနော့်လို အထအန ကောက်ပြီး ငြင်းခုံမည့်အစား ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေမျိုး ဖန်တီးယူနိုင်ပါသည်။

ဥပမာအားဖြင့်၊ ဖဆပလ အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ကျင်းပမည့် အစည်းအဝေးဖြစ်၍ ဖဆပလ အလံတော်ကို အလယ်ဗဟို ခပ်မြင့်မြင့်ထားပြီး ABTUC နှင့် TUCB အလံများကို ဘေးမှ ခပ်စောင်းစောင်းရံပြီး ထားရှိနိုင်သည်။ ယင်းနောက် အလုပ်သမားအင်အားပြ အစည်းအဝေး တတ်ရောက်လာကြသည့် အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမားအစည်းအရုံးများက မိမိတို့ အလံများကို ကိုင်ဆောင်လာနိုင်ကြသည်ဟု ဆွေးနွေးကြမည်ဆိုလျှင် ပြီးသည်။ ဗိုလ်ချုပ်အောင်ဆန်း အလိုဆန္ဒအတိုင်းလည်း ဖြစ်သည်။ ခုတော့ အလံပြိုင်ပွဲကို ဂိုဏ်းဂဏ အစွဲအလမ်းဖြင့် ဆွေးနွေးခဲ့ကြသဖြင့် နယ်ချဲ့ဘုရင်ခံနှင့် စက္ကူဖြူအစိုးရကို အလုပ်သမားများက ညီညွတ်စည်းရုံးပြီး တခဲနက် အင်အားပြ ထိုးနှက်ခြင်း မပြုနိုင်ကြ။ ကျနော်တို့ အလံလု အစည်းအဝေးအကြောင်းကို ကြားသိရလျှင် ဗိုလ်ချုပ်အော်ချ ဆလံတိုက်သွားချင် သွားပါလိမ့်မည်။

အမှတ်တိုင်း ဝန်ခံရလျှင် ယင်းအစည်းအဝေး မအောင်မြင်ဖြစ်ရခြင်းမှာ မိမိတို့အားနည်းချက်ကို သိလျက်ဖြင့် ရန်စကား ပြောမိခဲ့သည့် ကျနော် တာဝန်မကင်းပါ။

ဤသည်ကတော့ လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်ကျော်က အမှားပြုလုပ်မိခဲ့သည့် နောင်မှရခဲ့သော နိုင်ငံရေးနောင်တ ဖြစ်ပါသည်။

ဤဆောင်းပါး ရေးချိန်တွင် သခင်ဗတင်၊ သခင်လှကျွေ၊ ရဲဘော်သောင်းစိန်၊ မစ္စတာမူကာဂျီတို့ မရှိကြတော့။ ။


(ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် ၉၊ စက်တင်္ဘာ ၂ဝဝ၉ ထုတ်မှနေ ပြန်လည်ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်)


0 comments: